Monday, 26 December 2011

ဗုဒ္ဓ ဘာသာဝင် ကောင်းတစ်ဦး(အပိုင်း-၁)

မေး။ ။ ဗုဒ္ဓ ဘာသာ ဝင်ကောင်း တစ်ဦး ဘယ်လို လုပ်ပြီး ဖြစ်လာနိုင်တယ်ဆိုတာကိုလည်း ရှင်းလင်းစမ်းပါဦး။

ဖြေ။ ။ဗုဒ္ဓ လက်ထက်တော်တုန်းက ဥပါလိဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦး ရှိခဲ့တယ်။(တစ်နေ့မှာ) ဘာသာခြားတစ်ဦးဖြစ်တဲ့အဲဒီ ပုဂ္ဂိုလ်ဟာ ဗုဒ္ဓနှင့် ဝါဒချင်း ယှဉ်ပြိုင် အနိုင်ယူပြီး ဗုဒ္ဓ အား သူကိုးကွယ်တဲ့ ဘာသာ သို့ စည်းရုံး သွတ်သွင်း ရအောင်ဆိုပြီး ဗုဒ္ဓ အထံတော် သို့ ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလို ဆွေးနွေးပြီးတဲ့နောက်မှာတော့ ဗုဒ္ဓ အပေါ် သိပ်ကြည်ညို လေးစား သွားတာကြောင့် ချက်ချင်းပဲ သူဟာ ဗုဒ္ဓ သာဝက တစ်ဦး အဖြစ် ခံယူဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ ဗုဒ္ဓ က-

သင့်တော်တဲ့ စုံစမ်းလေ့လာမှုကို ပြုပါဦး၊ သင့်လို ထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ဦး အဖို့ စူးစမ်းဆင်ခြင်ပြီးမှ ဆုံးဖြတ် လုပ်ကိုင်သင့်တယ် လို့ မိန့်တော်မူလိုက်တယ်။

အရှင်ဂေါတမ၊ သင့်လျော်တဲ့ စူးစမ်း ဆင်ခြင်မူကို ပြုပါဦးလို့မိန့်တော်မူတဲ့ အတွက်ကြောင့်လည်း အကျွန်ုပ် အနေနဲ့ အလွန့် အလွန်မှပဲ ထပ်လောင်း၍ နှစ်ထောင်း အားရ ဖြစ်ရပါသေးတယ်။ တစ်ခြား တစ်ခြားသော ဘာသာဂိုဏ်းဆရားကြီးတွေကတော့ အကျွန်ုပ်လို လူကိုသာ တပည့်အဖြစ် သိမ်းသွင်းနိုင်မယ် ဆိုရင် ဥပါလိ ဟာ ငါတို့ရဲ့ တပည့် ဖြစ်လာပြီဆိုပြီး တစ်မြို့လုံးအနှံ့ ကြွေးကြော်ကြမှာ မလွဲပါပဲ။ ဒါပေမယ့် ဒီနေရာမှာတော့ အရှင်ဂေါတမက သင့်လျော်တဲ့ စုံစမ်းဆင်ခြင်မူကို ပြုဦးလော့၊ သင့်လို ထင်ရှားသူ အဖို့ စူးစမ်းဆင်ခြင်မူပြုပြီးတော့မှ လုပ်ခြင်းဟာ ကောင်းတယ်လို့ ဆိုဖော် ရသေးတယ်...လို့ ဥပါလိက လျှောက်ထားပါတယ်။

ဗုဒ္ဓဝါဒမှာ နားလည်မူ ပညာဟာ အရေးအပါဆုံးသော အရာပါပဲ။ ဒီလိုနားလည်မူရအောင် အချိန်စောင့်တန် စောင့်ရတယ်။ ဒါကြောင့် စိတ်စောပြီးတော့ ဗုဒ္ဓ ဘာသာထဲ မဝင်လိုက်ပါနှင့်ဦး။ အချိန်ယူပြီးတော့ မေးခွန်းတွေ ထုတ်၊ အဖြေရှာ၊ အပြန်ပြန် အလှန်လှန် သုံးသပ်ပြီးတော့မှ ဆုံးဖြတ်ချက်ချပါ။ ဗုဒ္ဓ ကတော့ တပည့်နောက်လိုက် များတာလောက်ကို လိုလားတော် မမူပါဘူး။ သူဟောတဲ့ တရားဒေသနာတော်အပေါ်မှာ တကယ် လက်တွေ့ ကျကျ လေးလေး နက်နက် ဆင်ခြင်သမူ ပြုပြီးတဲ့နောက်မှ နားလည် သဘောပေါက်လို့ လိုက်နာ ကျင့်ဆောင်တဲ့ သူမျိုးတွေကိုသာ လိုလားတော်မူတာ ဖြစ်ပါတယ်။

မေး။ ။ဒီလိုမျိုး လေးလေးနက်နက် စုံစမ်းဆင်ခြင်ပြီးတဲ့နောက် ဗုဒ္ဓ တရားတော်တွေကို လက်ခံနိုင်တာ တွေ့ရှိရလို့ ဗုဒ္ဓဘာသာဝင် တစ်ဦး အဖြစ် ခံယူလိုတယ်ဆိုရင်တော့ ဘယ်လို လုပ်ရပါ့မလဲ။

ဖြေ။ ။ ဒါဆိုရင် ဗုဒ္ဓ ဘာသာ ဘုန်ကြီးကျောင်း တစ်ကျောင်းဆီသို့ ဒါမှ မဟုတ် ဗုဒ္ဓဘာသာ အစု အဝေးတစ်ခုဆီသို့ သွားရောက်ဆက်သွယ်ပါ။ သူတို့နှင့် အမြင်ချင်း ဖလှယ်ပါ။ ဗုဒ္ဓဟော တရားတော်တွေကို ထပ်လောင်း သင်ယူပါ။ အဲဒါ အကောင်းဆုံးပါပဲ။ အားလုံး အဆင်သင့် ဖြစ်ပြီးဆိုတော့မှ သရဏဂုံသုံးပါး ဆောက်တည်လိုက်တာနှင့်ပီပြင်တဲ့ ဗုဒ္ဓ ဘာသာဝင်ကောင်း တစ်ဦး ဖြစ်သွားတော့တာပါပဲ။

မေး။ ။ သရဏဂုံ သုံးပါး ဆိုတာကကော ဘာတွေပါလဲ။

ဖြေ။ ။ သရဏဂုံ(=ကိုးကွယ် အားထားစရာ) ဆိုတာက လူတွေ စိတ်ဓါတ် ညှိုးငယ်ပြီး သူတို့ လုံခြုံစိတ်ချရမူရှိုဖို့လိုအပ်တဲ့အခါ မျိုးမှာ ချဉ်းကပ်လေ့ ရှိကြတဲ့ အရာပါပဲ။ ဒီ အားထားစရာ သရဏဂုံတွေဆိုတာကတော့ ပုံစံ အားဖြင့် အမျိုးစုံပါပဲ။ လူတွေဆိုတာ ရွှင် ရွှင် ပျပျ မရှိတဲ့ အခါမျိုးမှာ သူတို့ရဲ့ မိတ်ဆွေ အပေါင်း အသင်းတွေဆီကို ချဉ်းကပ်ကြတယ်။ စိုးရိမ်စိတ်တို့ ကြောက်စိတ်တို့ မွှန်နေတဲ့အခါမျိုးမှာဆိုရင် လွဲမှားတဲ့ မျှော်လင့် ချက်တွေ၊ ယုံကြည်မူတွေဆီကိုတောင် ရောက်သွားတတ်သေးတာပဲ။ သေခါနီးကျတော့ ထာဝရ ကောင်းကင်ဘုံဆိုတဲ့ အရာမျိုးကိုတောင် အယူစွဲပြီးတော့ အားကိုးနိုင်ပါသေးတယ်။ ဒါပေမယ့် ဗုဒ္ဓ ကတော့ ဒါတွေ အားလုံးဟာ တကယ်လက်တွေ့ကျမူ အပေါ် အခြေခံတဲ့၊ လုံခြုံနွေးထွေး မူမျိုးကို ပေးနိုင်စွမ်းတဲ့ အရာတွေ မဟုတ်ကြောင်း အခုလို မိန့်တော်မူခဲ့ပါတယ်။
ဒါတွေဟာ စစ်မှန်တဲ့၊ မြင့်မြတ်တဲ့ အားကိုးစရာ (သရဏ) အစစ်တွေ မဟုတ်၊ ဒုက္ခ အားလုံးမှ လွတ်မြောက်စေတဲ့ အရာတွေလည်း မဟုတ်ကြ။
ဗုဒ္ဓ ဓမ္မနှင့် သံဃာဆိုတဲ့ ကိုးကွယ်စရာ သုံးမျိုးကို ယုံကြည်ကိုးကွယ်ခြင်း၊ဆင်းရဲမူ ဒုက္ခသစ္စာ၊ ဒုက္ခတွေကို ဖြစ်စေတဲ့အကြောင်းခံ သမုဒယသစ္စာ၊ ဒုက္ခတွေကနေ ကင်းဝေးတဲ့ ဒုက္ခချုပ်ငြိမ်းရာ နိရောဓသစ္စာ ၊ ဒီသစ္စာ လေးပါးကို သိမြင်နားလည် သဘောပေါက်ခြင်းတွေကသာ တကယ်စစ်မှန်တဲ့ ကိုးကွယ်စရာ၊ အမြင့်မြတ်ဆုံးဖြစ်တဲ့ အားထားစရာ၊ ဒုက္ခဆင်းရဲတွေ အားလုံးကနေ လွတ်မြောက်စေတဲ့ မှီခိုစရာ အစစ်ကြီးဖြစ်တယ်လို့ ဟောတော်မူခဲ့ပါတယ်။
ဗုဒ္ဓကို ကိုးကွယ်တာဟာ ဗုဒ္ဓ ကိုယ်တော်တိုင် သိမြင်တော်မူခဲ့တဲ့ သစ္စာ ညာဏ်တော်နှင့် အဘက်ဘက်က ပြီးပြည့်စုံတဲ့ လူသားရဲ့ အဖြစ်ကို ဗုဒ္ဓ ရောက်ရှိတော်မူခဲသလို မိမိကိုယ်တိုင်လည်း ရယူနိုင်တယ်ဆိုတဲ့ ယုံကြည်မူကို ဖြစ်စေပါတယ်။
ဓမ္မကို ယုံကြည်ကိုးကွယ်တာဟာ မဂ္ဂင်ရှစ်ပါးလမ်းစဉ်ပေါ်မှာ မိမိဘဝကို တည်ဆောက်ရေး၊ သစ္စာလေးပါးကို သိမြင်နားလည်ရေး အတွက်ပဲ ဖြစ်ပါတယ်။
သံဃာကို ယုံကြည်ကိုးကွယ်တာဟာ မဂ္ဂင်ရှစ်ပါး လမ်းစဉ်ကို လက်တွေ့ ကျင့်ဆောင်တော်မူနေကြတဲ့ သံဃာတော်တွေ အားလုံးရဲ့ အထံမှ ပံ့ပိုး စေ့ဆော်ပေးမူနှင့် ဦးဆောင်လမ်းညွှန်မူကို ခံယူတာပဲ ဖြစ်ပါတယ်။ဒီလို သရဏဂုံသုံးပါးကို ခံယူဆောက်တည်လိုက်တာနှင့် ဗုဒ္ဓဘာသာကောင်း တစ်ဦး ဖြစ်လာပြီးတော့ နိဗ္ဗာန်သို့ ရှေးရှုတဲ့ မဂ္ဂင်လမ်းပေါ်မှာ ပမထဆုံးသော ခြေလှမ်းတစ်လှမ်းကို လှမ်းချလိုက်သူဖြစ်သွားပါတယ်။

ဗုဒ္ဓဘာသာဝင်ကောင်းတစ်ဦး(အပိုင်း-၂)ကို ဆက်ပြီး ရေးပါအုန်းမယ်။ 

                                                                 ဟိတကာရီ-အရှင်ကုဏ္ဍလ

No comments:

Post a Comment